Health

ပြောင်းလဲလာသော ကျန်းမာရေး စောင့်ရှောက်မှုစနစ်

By admin_webportal

Copyright myawady

ပြောင်းလဲလာသော ကျန်းမာရေး စောင့်ရှောက်မှုစနစ်

Skip to main content

ပြောင်းလဲလာသော ကျန်းမာရေး စောင့်ရှောက်မှုစနစ်

ပြောင်းလဲလာသော ကျန်းမာရေး စောင့်ရှောက်မှုစနစ်

လွန်ခဲ့သော ဆယ်စုနှစ်များအတွင်း ကမ္ဘာအနှံ့တွင် ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ အခြေခံသဘောတရား ခံယူချက်များ ပြောင်းလဲလာကြသည်။ ရောဂါကို သက်သာပျောက်ကင်းအောင် ကုသပေးရန်ဆိုသော ကျဉ်းမြောင်းသည့်အမြင်မှသည် အလုံးစုံကောင်းမွန်ရေးကို မျှော်မှန်း၍ အထွေထွေကျန်းမာရေး ကောင်းမွန်ရန်သာမက ကာယ၊ ဉာဏ လုပ်ကိုင်နိုင်စွမ်းရှိသည့် သက်ရှည်ကျန်းမာစွာနေနိုင်ရန် ဦးတည်လာကြသည်။ ကျန်းမာရေးစောင့်ရှောက်မှုတွင် ကုသရေးသာမက ရောဂါကာကွယ်ရေးကိုပါ ထည့်သွင်းဆောင်ရွက်လာပြီး တစ်ဦးချင်းမှသည် လူထုတစ်ရပ်လုံး ကျန်းမာနိုင်စေရေးကို ရည်ရွယ်လာကြသည်။ လူမှုစီးပွားအခြေအနေ၊ စိတ်ပိုင်းဆိုင်ရာ ခံစားချက်နှင့် ပြုမူပုံ၊ ပတ်ဝန်းကျင်၏ သက်ရောက်မှုတို့ကိုပါ ထည့်သွင်းစဉ်းစားလာကြသည်။

ကမ္ဘာတစ်ဝန်း ကျန်းမာရေးစောင့်ရှောက်မှု ပြောင်းလဲလာသောပုံစံကို အောက်ပါအတိုင်းတွေ့ရပါသည်-

ရောဂါကို ဦးတည်ကုသမှုမှသည် အလုံးစုံကျန်းမာရေးသို့ရောဂါအခြေပြုကုသမှုမှသည် ကျန်းမာသက်ရှည်နေထိုင်နိုင်ရေး၊ ရောဂါကာကွယ်ရေး၊ စိတ်ရောကိုယ်ပါ အလုံးစုံကောင်းမွန်ရေးကို တိုးတက်ဆောင်ရွက်လာခဲ့ကြသည်။

တစ်ဦးချင်းမှသည် လူထုကျန်းမာရေးဆီသို့တစ်ဦးချင်းကို ဦးတည်စောင့်ရှောက်မှု မှသည် လူထုတစ်ရပ်လုံး ကျန်းမာကြံ့ခိုင်ရေးကို ဦးတည်လာကြသည်။ ကျန်းမာရေး စောင့်ရှောက်မှုပြုလုပ်ရာတွင် လူမှုရေး၊ စီးပွားရေးနှင့် သဘာဝပတ်ဝန်းကျင်တို့၏ သက်ရောက်မှုများကိုလည်း သိမြင် နားလည်လာကြသည်။

ကုသမှုလုပ်ငန်းစဉ်တွင် လူနာပါဝင်ဆုံးဖြတ်လာမှု

ကျန်းမာရေးစောင့်ရှောက်မှု ကဏ္ဍတွင် လူနာသည် ၎င်း၏ကျန်းမာရေးအတွက် အရေးပါဆုံးသူဖြစ်သောကြောင့် ကုသမှု နည်းလမ်းများရွေးချယ်ရာတွင် မူလက ဆေးပညာရှင်များ၏ ဆုံးဖြတ်ချက်ကသာ အဓိကကျခဲ့သော်လည်း ယခုအခါ လူနာ၏ဆန္ဒ၊ သဘောထားနှင့် ရွေးချယ်မှုကို အလေးအနက်ထားလာကြသည်။ ထိုကဲ့သို့ရွေးချယ်ဆုံးဖြတ်နိုင်ရန် ကုသနိုင်သောနည်းလမ်းများ၊ အကျိုးအပြစ်များ၊ ကုသမှုကြောင့် ကောင်းသွားနိုင်ခြေ၊ ကုန်ကျစရိတ် စသည်တို့ကို လူနာနှင့်လူနာရှင်များအား နားလည်အောင် ရှင်းလင်းပြောပြထားရန်နှင့် ပိုမိုကောင်းမွန်သော ကုသမှုပေးနိုင်မည့် နေရာများကိုလည်း ညွှန်ပြပေးရန်လိုအပ်သည်။ သို့မှသာ လူနာအနေဖြင့် မှန်ကန်သောဆုံးဖြတ်ချက်ကို ချမှတ်ကာ ကုသမှုခံယူနိုင်မည်ဖြစ်သည်။ လူနာကိုယ်တိုင် ပါဝင်ဆုံးဖြတ်၍ ပွင့်လင်းမြင်သာမှုရှိသော ကုသမှုဖြစ်စဉ်သည် ပိုမိုထိရောက်ပြီး အောင်မြင်မှုရစေသည်။

ကုသမှုမှသည် ကာကွယ်ခြင်းဆီသို့

ရောဂါကို ဖြစ်မှကုသခြင်းထက် မဖြစ်မီ ကုသသည့်နည်းလမ်း၊ ကာကွယ်နိုင်မည့်နည်းလမ်းများကို ပို၍ဦးတည်လုပ်ဆောင်လာကြသည်။ ကိုယ်ခံစွမ်းအားကို မြှင့်တင်ခြင်း၊ ကာကွယ်၍ရသောရောဂါများကို ကာကွယ်ဆေးထိုးခြင်း၊ ရောဂါမဖြစ်မီကပင် ကြိုတင်ကျန်းမာရေးစစ်ဆေးခြင်းနှင့် လူထုသို့ ကျန်းမာရေးပညာပေးခြင်းများ ဆောင်ရွက်လာကြသည်။ ကိုယ်လက်လှုပ်ရှား အားကစားကဏ္ဍ မြှင့်တင်ပေးခြင်း၊ လူထုအားကစားရုံများ ဆောက်လုပ်ပေးခြင်း၊ အားကစားပွဲများ ကျင်းပကာ လူထုမှပါဝင်လာစေခြင်းဖြင့် တက်ကြွလှုပ်ရှား လူနေမှုပုံစံကို ဖော်ဆောင်လာကြသည်။ နေ့စဉ်စားသောက်နေထိုင်မှုကို ကျန်းမာသောနေထိုင်မှု ပုံစံဖြစ်စေရန် အသိပညာပေးခြင်းအပြင် နှစ်စဉ် ကျန်းမာရေးစစ်ဆေးပြီး ရောဂါမဖြစ်မီကပင် ဖြစ်စေနိုင်သော အကြောင်းအရာများကို ရှာဖွေကုသလာကြသည်။ ဥပမာ- အသက် ၅၀ နှစ်နှင့်အထက်များကို ခြောက်လတစ်ကြိမ် ကျန်းမာရေးစစ်ဆေးမှုများ ပြုလုပ်၍ သွေးတိုးရောဂါ၊ ဆီးချိုရောဂါ၊ နှလုံးရောဂါ၊ သွေးတွင်းအဆီများခြင်း ရှိ၊ မရှိကို စမ်းသပ်ရှာဖွေ ကုသထားခြင်းဖြင့် လေဖြတ်ရောဂါ၊ နှလုံးသွေးကြောပိတ်ရောဂါများကို ကာကွယ်နိုင်သည်။ အဓိကအားဖြင့် ပြည်သူတစ်ရပ်လုံး ကျန်းမာရေးအတွက် အသိပညာပေးခြင်း၊ ကျန်းမာရေးဆိုင်ရာ အပြုအမူအနေအထိုင်များ ပြောင်းလဲလာအောင် လုပ်ဆောင်ခြင်းဖြင့် ရောဂါကာကွယ်ရေးဆိုင်ရာ နည်းလမ်းများကို အလေးအနက်ထား ဆောင်ရွက်လာကြသည်။ ကာကွယ်၍ရသော ကူးစက်နိုင်သည့်ရောဂါများကို ကာကွယ်ဆေးထိုးနှံခြင်းဖြင့် ရောဂါဖြစ်ပွားနှုန်းကို လျှော့ချလာကြသည်။ ကမ္ဘာအနှံ့ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံမှုဆောင်ရွက်ခဲ့သကဲ့သို့ ရောဂါပျံ့နှံ့ဖြစ်ပွားမှုတစ်ခုရှိပါက ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)၏ ဦးဆောင်မှုဖြင့် သက်ဆိုင်ရာကာကွယ်ဆေးများ စမ်းသပ်၊ ထုတ်လုပ်၊ ထိုးနှံကာ ပြန့်ပွားနှုန်းကိုရပ်တန့်အောင် ကြိုးစားခဲ့ကြသည်။

ဆေးရုံအခြေပြုကုသမှုမှသည် လူထုအတွင်း အိမ်တိုင်ရာရောက်ကုသမှု မူလက နာမကျန်းဖြစ်လျှင် မြို့ပြရှိ ဆေးရုံများသို့ သွားရောက်ကာ ကုသရသော်လည်း ယခုအခါ ရပ်ကွက်၊ ကျေးရွာ အိမ်တိုင်ရာရောက် ကျန်းမာရေးစောင့်ရှောက်မှုစနစ်ကို ပြောင်းလဲဖော်ဆောင်လာကြသည်။ ဆေးရုံများ၌ အလုပ်ဝန်ပိမှုနှင့် ကျန်းမာရေးဝန်ထမ်း နည်းပါးမှုကို ကာမိစေနိုင်ပြီး မြို့ပြသာမက နယ်မြို့များနှင့်ကျေးရွာများအထိပါ ကျန်းမာရေး စောင့်ရှောက်မှုပေးလာနိုင်သည်။ ဒေသန္တရကျန်းမာရေးဌာနများ ဖွင့်လှစ်ပြီး သက်ဆိုင်ရာ မြို့နယ်၊ ကျေးရွာများသို့ အိမ်တိုင်ရာရောက် ရောဂါကုသရေး၊ ကာကွယ်ရေး လုပ်ငန်းစဉ်များကို ဖြန့်ကြက်လုပ်ဆောင်လာကြသည်။ ကျေးလက်ကျန်းမာရေးဌာန Rural Health centers (RHC)၊ sub rural clinic များတိုးချဲ့ဖွင့်လှစ်ကာ ပြည်သူ့ကျန်းမာရေးဝန်ထမ်းများ၊ လူမှုကယ်ဆယ်ရေး စေတနာရှင်များပူးပေါင်း၍ မိခင်နှင့်ကလေးကျန်းမာရေး၊ ရောဂါကာကွယ်ကုသရေး လုပ်ငန်းစဉ်များ ဆောင်ရွက်ခဲ့ကြသည်။WHO၊ UNICEF နှင့် NGOs အဖွဲ့အစည်းများမှလည်း ပံ့ပိုးကူညီပေးခဲ့ကြသည်။အရန်သားဖွားဆရာမများ၊ လူထုကျန်းမာရေးလုပ်သားများသည် အိမ်တိုင်ရာရောက် ကျန်းမာရေးစောင့်ရှောက်မှုတွင် ရှေ့တန်း တိုက်စစ်မှူးများ ဖြစ်လာကြသည်။ လူထုအခြေပြု စိတ်ကျန်းမာရေးစောင့်ရှောက်မှုကိုလည်း အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ကြသည်။ မြို့ပြနှင့် ကျေးလက်ကျန်းမာရေး စောင့်‌ရှောက်ခံရမှုကွာခြားချက်ကို တတ် နိုင်သမျှနည်းပါးအောင် ဆောင်ရွက်ခဲ့ကြသည်။

နာတာရှည်ရောဂါများနှင့်တစ်သက်တာ ကျန်းမာရေးစောင့်ရှောက်မှုယခင်က ကျန်းမာရေးစောင့်ရှောက်မှုတွင် ကူးစက်ရောဂါများနှင့် အရေးပေါ်အခြေအနေကိုသာ အဓိကထား ဖြေရှင်းကုသခဲ့ကြသည်။ တီဘီ၊ ငှက်ဖျား၊ သွေးလွန်တုပ်ကွေး၊ HIV စသည့်ကူးစက်ရောဂါများကို အလေးထားကုသပြီး လူထုအတွင်း ရောဂါပြန့်ပွားမှုမရှိအောင်၊ သေဆုံးနှုန်းလျော့ကျအောင် ဆောင်ရွက်ခဲ့ကြသည်။ ယခုအခါ သက်ရှည်ကျန်းမာနေထိုင်နိုင်ရေးအတွက် မကူးစက်နိုင်သော်လည်း အလေးထားဆောင်ရွက်ရန်လိုအပ်သည့် သွေးတိုးရောဂါ၊ ဆီးချိုရောဂါ၊ နှလုံးရောဂါနှင့် လေဖြတ်ခြင်းတို့ကို ကာကွယ်ကုသသည့် လုပ်ငန်းစဉ်များလုပ်ဆောင်လာကြသည်။ နာတာရှည်ရောဂါများကို စဉ်ဆက်မပြတ် ကျန်းမာရေး စောင့်ရှောက်မှု ပေးခြင်းသာမက သက်ကြီးရွယ်အို ပြုစုစောင့်ရှောက်ရေး၊ ပြန်လည်သန်စွမ်းရေး၊ စိတ်ကျန်းမာရေးနှင့် လူငယ်များအား စိတ်ကြွမူးယစ်ဆေးအန္တရာယ်မှ ပြန်လည်ထူထောင်ရေးတို့ကိုပါ အရေးပေး လုပ်ဆောင်လာကြသည်။ မြန်မာနိုင်ငံ၌ လူထုနှင့်အနီးစပ်ဆုံးတွင်ရှိသော ဒေသန္တရကျန်းမာရေး ဌာနများသည် မူလက ကူးစက်ရောဂါ ကာကွယ်ကုသရေး၊ ကာကွယ်ဆေးထိုးနှံရေးတို့ကို ဆောင်ရွက်ခဲ့သော်လည်း ယခုအခါ နာတာရှည်ရောဂါများ ကုသရေး၊ ကာကွယ်ရေး လုပ်ငန်းစဉ်များပါ ဆောင်ရွက်လျက်ရှိသည်။ အစိုးရမဟုတ်သော လူမှုအဖွဲ့အစည်းများမှလည်း ပံ့ပိုးကူညီလျက်ရှိသည်။

လူသားတိုင်းကို ကျန်းမာရေးစောင့်ရှောက်ပေးနိုင်မှု မူလကျန်းမာရေး စောင့်ရှောက်မှုပုံစံတွင် မြို့ပြနေလူတန်းစားများ၊ တတ်နိုင်သည့်သူများသာ ကျန်းမာရေးစောင့်ရှောက်မှုအပြည့်အဝရသော်လည်း ယခုအခါ လိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှုကို ငွေကြေးအခက်အခဲမရှိစေဘဲ လူတိုင်းရရှိစေရန် ရည်ရွယ်လုပ်ဆောင်လာကြသည်။ မြို့ပြကျေးရွာ ကွာခြားချက်မရှိ ကျန်းမာရေးစောင့်ရှောက်မှု ရစေရန်သာမက လူနည်းစုလူမျိုးစုများ၊ လူ့အသိုက်အဝန်းမှ ရှောင်ကြဉ်ခံလူများ၊ အားနည်းချက်ရှိသော လူများကိုပါ အခွင့်အရေးတန်းတူရစေရန် ဆောင်ရွက်လာကြသည်။

မိခင်၊ ကလေးကျန်းမာရေး စောင့်‌ရှောက်မှု ရစေရေးကိုလည်း အလေးထားလာခဲ့သည်။ လူထုအနေဖြင့် ကုန်ကျစရိတ်မရှိဘဲ ကုသမှုရရှိနိုင်ရေးအတွက် ကျန်းမာ‌ရေး စောင့်ရှောက်မှုဆိုင်ရာ ရန်ပုံငွေ ထူထောင်ခြင်း၊ ကျန်းမာရေး အာမခံထားသည့် စနစ်ကိုမြှင့်တင်ခြင်း၊ ကမ္ဘာ့ကျန်းမာရေး အဖွဲ့အစည်းများမှ အကူအညီရယူခြင်းများ ဆောင်ရွက်လာကြသည်။

ကျန်းမာရေးအာရုံစိုက်မှုမှသည် လူမှုစီးပွားအခြေအနေ မြှင့်တင်ခြင်း ရောဂါကုသမှုကို အခြေပြုသော ယခင်က ဆရာဝန်၊ ဆေးဝါးများကိုသာ အဓိကထားခဲ့သော်လည်း ယခုအခါ ကျန်းမာရေးအပေါ် သက်ရောက်နိုင်သော လူမှုစီးပွားအခြေအနေဖြစ်သည့် ပညာရေး၊ နေအိမ်အဆောက်အအုံ၊ ပတ်ဝန်းကျင်၊ ဝင်ငွေတို့ကိုပါ ထည့်သွင်းစဉ်းစားလာကြသည်။

နယူးဇီလန်နိုင်ငံ၏ ကျန်းမာရေးစောင့်ရှောက်မှု စီမံချက် Well being Budget တွင် စိတ်ကျန်းမာရေး၊ ကလေးသူငယ်စောင့်ရှောက်ရေး၊ ဆင်းရဲမှုလျှော့ချရေးတို့ ပါဝင်ခဲ့သည်။ တောင်အာဖရိကနိုင်ငံ၏ လူထုအခြေပြုလုပ်ငန်းစဉ်တွင် ရေကောင်းရေသန့်ရရှိရေး၊ အာဟာရပြည့်ဝရေး၊ တစ်ကိုယ်ရေသန့်ရှင်းရေး၊ ပတ်ဝန်းကျင်သန့်ရှင်းရေးတို့ကို ဆောင်ရွက်ခြင်းဖြင့် ကျန်းမာရေးကဏ္ဍမြှင့်တင်ရန် ဆောင်ရွက်ခဲ့ကြသည်။ စကော့တလန်နိုင်ငံ၏ Health in All Policies အရ ကျန်းမာရေးစောင့်ရှောက်မှု ကဏ္ဍတွင် အိမ်ရာ၊ လမ်းပန်းဆက်သွယ်ရေးနှင့် ပညာရေး တိုးတက်ကောင်းမွန်ရေးတို့ကို ဆောင်ရွက်ခဲ့ကြသည်။

အီလက်ထရွန်နစ် ကျန်းမာရေးစနစ်သို့ ကူးပြောင်းခြင်း ကျန်းမာရေးဆိုင်ရာ မှတ်တမ်းများကို မူလက စာရွက်များ အသုံးပြုခဲ့သော်လည်း ယခုအခါ Digital မှတ်တမ်းထိန်းသိမ်းမှုများ ပြုလုပ်လာခဲ့သည်။ လူကိုယ်တိုင်ဆရာဝန်နှင့်တွေ့၍ ကုသမှုခံယူရခြင်းမှသည် နယ်ဝေးမှလူနာများကို ဖုန်း၊ ကွန်ပျူတာ စသည့် ရုပ်မြင်သံကြားစနစ်များအသုံးပြုကာ ကျန်းမာရေးစောင့်ရှောက်မှုပေးလာသကဲ့သို့ အချိန်နှင့်တစ်ပြေးညီ လိုအပ်သည်များကိုလည်း ညွှန်ကြားပေးနိုင်ခဲ့သည်။ ဝတ်ဆင်ထားသော ကိရိယာများမှတစ်ဆင့် လူနာ၏ ကျန်းမာရေး အခြေအနေကို အဝေးမှစောင့်ကြည့်လေ့လာကာ လိုအပ်သော အကြံဉာဏ်ပေးမှု၊ ရက်ချိန်းပေးမှုအပြင် ကုသမှုဆေးညွှန်းများပါ ပေးနိုင်ခဲ့သည်။

ဉာဏ်ရည်တုနည်းပညာသုံး AI tools များဖြစ်သော Chat GPT အသုံးပြု၍ အရေးပေါ်အခြေအနေတွင် လူနာများ၏ အန္တရာယ်ရှိမှုကို (Triage) ခွဲခြားနိုင်သကဲ့သို့ ကျန်းမာရေးပညာပေးခြင်း၊ မှတ်တမ်းများ စနစ်တကျခွဲဝေသိမ်းဆည်းခြင်း၊ ပြန်လည်စိစစ်ခြင်းများ ဆောင်ရွက်နိုင်သည်။ ယူဂန်ဒါနိုင်ငံတွင် ဒရုန်းများ အသုံးပြု၍ သွေးနှင့်ဆေးဝါးများကို ဝေးလံသောဆေးရုံများသို့ ပေးပို့ကြသည်။

အချုပ်အားဖြင့်ဆိုရသော် ထိုကဲ့သို့ ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ အတွေးအမြင်၊ လုပ်ဆောင်မှုများ ပြောင်းလဲလာခြင်းဖြင့် လူတိုင်း အလုံးစုံကျန်းမာရေး စောင့်ရှောက်မှုရရှိအောင် အဘက်ဘက်မှ ကြိုးစားဆောင်ရွက်လာကြသည်။ WHO ၏ဦးဆောင်မှု၊ ဒေသတွင်းနှင့် နိုင်ငံများကြား အပြန်အလှန်ပူးပေါင်းကူညီမှုများဖြင့် လက်တွဲခေါ်ယူစောင့်ရှောက်ခဲ့ကြသည်သာမက သက်ဆိုင်ရာအစိုးရအဖွဲ့အစည်းများ၊ အစိုးရမဟုတ်သော လူမှုရေးအဖွဲ့အစည်းများနှင့် စေတနာရှင်များပါ ဝိုင်းဝန်းဆောင်ရွက်နေကြပါကြောင်း ရေးသား တင်ပြလိုက်ရပါသည်။