မြန်မာ့စွမ်းအင်ဖူလုံရေးနှင့် ကဏ္ဍစုံဖွံ့ဖြိုး တိုးတက်ရေးအတွက် နျူကလီးယားစွမ်းအင်၊ နျူကလီးယားနည်းပညာ၏ အကျိုးသက်ရောက်မှုများနှင့် အခွင့်အလမ်းများ
By admin_webportal
Copyright myawady
Skip to main content
မြန်မာ့စွမ်းအင်ဖူလုံရေးနှင့် ကဏ္ဍစုံဖွံ့ဖြိုး တိုးတက်ရေးအတွက် နျူကလီးယားစွမ်းအင်၊ နျူကလီးယားနည်းပညာ၏ အကျိုးသက်ရောက်မှုများနှင့် အခွင့်အလမ်းများ
မြန်မာ့စွမ်းအင်ဖူလုံရေးနှင့် ကဏ္ဍစုံဖွံ့ဖြိုး တိုးတက်ရေးအတွက် နျူကလီးယားစွမ်းအင်၊ နျူကလီးယားနည်းပညာ၏ အကျိုးသက်ရောက်မှုများနှင့် အခွင့်အလမ်းများ
ယနေ့မျက်မှောက်ခေတ် ကာလမှာ အဏုမြူစွမ်းအင်ဟာ စွမ်းအင်ထုတ်လုပ်ရေးနဲ့ လျှပ်စစ်ဓာတ်အားဖူလုံရေးတို့ အပြင် စိုက်ပျိုးရေး၊ ဆေးဝါးနဲ့ စက်မှုကဏ္ဍတွေ အတွက် လွန်စွာအရေးပါလှတဲ့ အခန်းကဏ္ဍ တစ်ခုအဖြစ် ပါဝင်လာခဲ့ပြီဖြစ်ပါတယ်။ ကမ္ဘာ့စွမ်းအင် လိုအပ်ချက်မှာလည်း နှစ်စဉ် တိုးတက်လျက်ရှိပြီး အပြည်ပြည်ဆိုင်ရာ စွမ်းအင်အေဂျင်စီ(IEA)ရဲ့ အစီရင်ခံစာအရ ၂၀၂၅ ခုနှစ်မှာ ၂၀၂၄ ခုနှစ်ထက် ၂ ဒသမ ၂ ရာခိုင်နှုန်းတိုးတက်လာတာကို တွေ့ရှိရပါတယ်။ လက်ရှိအချိန်မှာတော့ ကမ္ဘာ့စွမ်းအင်လိုအပ်ချက်ရဲ့ ၉ ရာခိုင်နှုန်းကို နျူကလီးယားစွမ်းအင်မှ ရယူလျက်ရှိပြီး World Net-Zero Carbon Emissions အရ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်နဲ့ နျူကလီးယားစွမ်းအင်ကို ပူးတွဲအသုံးပြုရန် စီမံကိန်းများ ချမှတ်ဆောင်ရွက်လျက်ရှိပါတယ်။
ကမ္ဘာ့အဏုမြူသီတင်းပတ်ဖိုရမ် (World Atomic Week Forum)
ကမ္ဘာ့အဏုမြူသီတင်းပတ်ဖိုရမ် (World Atomic Week Forum – WAW) ဟာ နျူကလီးယားနည်းပညာရဲ့ ငြိမ်းချမ်း ရေးဆိုင်ရာ အသုံးချမှုတွေကို ကမ္ဘာ့အဆင့် ဆွေးနွေးညှိနှိုင်းဖို့အတွက် ဖွဲ့စည်းထားတဲ့ ပလက်ဖောင်းတစ်ခုဖြစ်ပါတယ်။ ၂၀၁၀ ပြည့်လွန်နှစ်အစောပိုင်းတွေမှာ ကမ္ဘာကြီးဟာ ရာသီဥတုပြောင်းလဲမှုရဲ့ ပြင်းထန်တဲ့ သက်ရောက်မှုတွေကို ကြုံတွေ့ခဲ့ရပြီး စွမ်းအင်လုံခြုံရေးနဲ့ ပတ်ဝန်းကျင်ထိန်းသိမ်း ရေးအတွက် စိုးရိမ်မှုတွေမြင့်တက်လာခဲ့ ပါတယ်။ ဒါ့ကြောင့် အပြည်ပြည်ဆိုင်ရာ အဏုမြူစွမ်းအင်အေဂျင်စီ (IAEA)ရဲ့ ဦးဆောင်မှုနဲ့ နိုင်ငံတကာနျူကလီးယား အဖွဲ့အစည်းတွေ၊ နျူကလီးယားစွမ်းအင်သုံးနိုင်ငံတွေက ၂၁ ရာစုရဲ့ စွမ်းအင်ဆိုင်ရာ စိန်ခေါ်မှုနဲ့ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ကိစ္စရပ်တွေကို ဆွေးနွေးညှိနှိုင်းအဖြေရှာဖို့ နျူကလီးယားနည်းပညာနဲ့ စွမ်းအင်ဆိုင်ရာ နိုင်ငံတကာ ဆွေးနွေးပွဲကြီးတစ်ခုအဖြစ် ကမ္ဘာ့အဏုမြူသီတင်းပတ်ဖိုရမ်ကို ၂၀၁၅ ခုနှစ်မှာ ဂျပန်နိုင်ငံ၊ တိုကျိုမြို့၌ စတင် ကျင်းပခဲ့ပါတယ်။
ယခု ၂၀၂၅ ခုနှစ်တွင်လည်း World Atomic Week Forum – 2025 ကို ရုရှား နျူကလီးယားလုပ်ငန်းနှစ် ၈၀ ပြည့်အထိမ်း အမှတ်အဖြစ် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ မော်စကိုမြို့တွင် ကျင်းပခဲ့ပြီး နျူကလီးယား နည်းပညာရဲ့ ငြိမ်းချမ်းရေးဆိုင်ရာအသုံးချ မှုတွေဖြစ်တဲ့ (စွမ်းအင်ထုတ်လုပ်ခြင်း၊ ဆေး ဘက်ဆိုင်ရာနဲ့ စိုက်ပျိုးရေး) စတာတွေမှာ မြှင့်တင်ခြင်းနဲ့ နိုင်ငံတကာပူးပေါင်းဆောင် ရွက်မှုတွေကို အားကောင်းစေရန်အတွက် ရည်ရွယ်ပြုလုပ်ခဲ့ပါတယ်။
ရုရှားနိုင်ငံပိုင် နျူကလီးယားအေဂျင်စီ (Rosatom) နှင့် မြန်မာနိုင်ငံတို့၏ နျူကလီးယားစွမ်းအင် ဖွံ့ဖြိုးရေးခရီးလမ်း
ရုရှားနိုင်ငံဟာ ဓာတ်ပေါင်းဖိုနည်းပညာ သစ်ဖွံ့ဖြိုးတိုးတက်မှုအပါအဝင် နျူကလီး ယားစွမ်းအင် အခန်းကဏ္ဍကျယ်ပြန့်အောင် တိုးချဲ့လုပ်ဆောင်လျက်ရှိပါတယ်။ နျူကလီး ယား အေဂျင်စီ Rosatom ဟာ ရုရှားနိုင်ငံပိုင် ကော်ပိုရေးရှင်းကြီးတစ်ခုဖြစ်ပြီး နျူကလီးယားစွမ်းအင်လုပ်ငန်းကို အဓိကထား လုပ်ဆောင်လျက်ရှိပါတယ်။ ၂၀၀၇ ခုနှစ် တွင် စတင်တည်ထောင်ခဲ့ပြီး ကုမ္ပဏီပေါင်း ၃၆၀ ကျော်ရှိကာ ရုရှားနိုင်ငံတွင် အကြီးဆုံး လျှပ်စစ်စွမ်းအင်ထုတ် ကုမ္ပဏီကြီးဖြစ်ပါ တယ်။ ဒီကော်ပိုရေးရှင်းဟာ နိုင်ငံပေါင်း ၁၂ နိုင်ငံရဲ့ နျူကလီးယားစွမ်းအင်စက်ရုံ စီမံကိန်း ၃၆ ခုမှာ ပါဝင်လျက်ရှိပြီး ကမ္ဘာ့ နျူကလီးယားလောင်စာဈေးကွက်ရဲ့ ၁၇ ဒသမ ၇ ရာခိုင်နှုန်းကိုလည်း ရယူပိုင်ဆိုင်ထားပါတယ်။
ရုရှားနိုင်ငံပိုင် Rosatom ကော်ပိုရေးရှင်း အနေနဲ့ အရှေ့တောင်အာရှဒေသမှာ ရင်းနှီး မြှုပ်နှံမှုအခွင့်အလမ်းတွေကို ရှာဖွေလျက်ရှိ ပါတယ်။ ၂၀၁၂ ခုနှစ်ကစတင်ကာ စင်ကာပူ နိုင်ငံမှာ ရုံးချုပ်ဖွင့်လှစ်ပြီး ဒေသတွင်းနျူကလီးယား စွမ်းအင်စက်ရုံတွေ တည်ဆောက်ဖို့ ဈေးကွက်ရှာဖွေခဲ့ကြပါတယ်။
ဗီယက်နမ်နိုင်ငံမှာ နျူကလီးယားဓာတ်ပေါင်းဖိုနှစ်ခု၊ အင်ဒိုနီးရှားနိုင်ငံတွင် ၁၀ မဂ္ဂါဝပ်ဓာတ်ပေါင်းဖို စီမံကိန်းတစ်ခု တည်ဆောက်ပေးခဲ့တဲ့အပြင် ထိုင်း၊ မြန်မာ၊ လာအို၊ ကမ္ဘောဒီးယားနိုင်ငံတို့မှာ နျူကလီးယားနည်းပညာနဲ့ ပတ်သက်တဲ့ သဘောတူစာချုပ်တွေ ချုပ်ဆိုထားပါတယ်။ရုရှားနဲ့ မြန်မာနိုင်ငံတို့ ပထမဆုံးနျူကလီးယားဆိုင်ရာ သဘောတူစာချုပ်တစ်ခုကို ၂၀၀၇ ခုနှစ်က စတင်လက်မှတ်ထိုးခဲ့ပါတယ်။ ဒီစီမံကိန်းမှ အငယ်စားအဏုမြူ ဓာတ်ပေါင်းဖိုတစ်ခု၊ Activation Analysis ဓာတ်ခွဲခန်းတစ်ခု၊ ဆေးဘက်ဆိုင်ရာအိုင်ဆိုတုပ်ထုတ်လုပ်ရေးဓာတ်ခွဲခန်းတစ်ခု၊ ဆီလီကွန်ပေးသွင်းသော စနစ်တစ်ခု၊ နျူကလီးယားစွန့်ပစ်ပစ္စည်းများသန့်စင်ရေးနဲ့ မြှုပ်နှံရေးစက်ရုံတစ်ခုတို့ပါဝင်ပါတယ်။
သို့သော်လည်း မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအခြေအနေများနဲ့ သဘာဝဘေး အန္တရာယ်တွေကြောင့် ယာယီရပ်ဆိုင်းခဲ့ရပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလတုန်းက ရန်ကုန်မြို့မှာ ရုရှားနိုင်ငံပိုင် Rosatom ကော်ပိုရေးရှင်းနဲ့ မြန်မာနိုင်ငံသိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန(MOST)တို့ဟာ နျူကလီးယားနည်းပညာ သတင်းအချက်အလက် စင်တာ(Nuclear Technology Information Center – NTIC) တည်ထောင်ဖို့ သဘောတူ ညီချက်စာချုပ် (Memorandum of Agree-ment – MoA) ကို ချုပ်ဆိုအကောင်အထည် ဖော်နိုင်ခဲ့ပါတယ်။
၂၀၂၃ ခုနှစ်၊ အောက်တိုဘာလမှာတော့ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနနှင့် Rosatom တို့ ဟာ နျူကလီးယားအခြေခံ အဆောက်အဦဆိုင်ရာ စိစစ်အကဲဖြတ်ခြင်းနဲ့ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်တွေအတွက် နားလည်မှုစာချုပ် (Memorandum of Understanding – MoU) ချုပ်ဆိုနိုင်ခဲ့ပါတယ်။ မြန်မာနိုင်ငံရဲ့ နျူကလီးယား အခြေခံအဆောက်အဦ လိုအပ်ချက်တွေ စာရင်းပြုစုခြင်း၊ ဦးစားပေးလုပ်ငန်း အစီအစဉ်သတ်မှတ်ခြင်း၊ အပြည်ပြည်ဆိုင်ရာ နျူကလီးယားစွမ်းအင်အေဂျင်စီ(IAEA)ရဲ့ ချဉ်းကပ်နည်းများနဲ့ Rosatom ရဲ့အကောင်းဆုံးကျင့်သုံးမှုတွေကိုအခြေခံပြီး ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းတို့ကို ပြုလုပ်နိုင်ခဲ့ပါတယ်။
မကြာသေးမီကာလဖြစ်တဲ့ ၂၀၂၅ ခုနှစ်၊ မတ်လ ၄ ရက်မှာ မြန်မာ-ရုရှားအစိုးရချင်း သဘောတူညီချက် (Intergovernmental Agreement) ချုပ်ဆိုနိုင်ခဲ့ပြီး အငယ်စား အဏုမြူဓာတ်ပေါင်းဖို(Small Modular Reactor-SMR) စီမံကိန်းအတွက် ပူးပေါင်း ဆောင်ရွက်ဖို့ သဘောတူညီခဲ့ပါတယ်။ ဒီစာချုပ်မှာ ၁၁၀ မဂ္ဂါဝပ်စွမ်းရည်ရှိတဲ့ SMR တစ်ခုတည်ဆောက်ခြင်းတို့ပါဝင်ပြီး အနာဂတ်မှာ ၃၃၀ မဂ္ဂါဝပ်အထိ တိုးချဲ့နိုင်ဖို့ သဘောတူညီခဲ့ပါတယ်။
လက်ရှိကျင်းပပြုလုပ်ခဲ့တဲ့ ကမ္ဘာ့နျူကလီးယားစွမ်းအင်ညီလာခံ WAW-2025 မှာ Rosatom နည်းပညာအကယ်ဒမီနဲ့ ရန်ကုန်နည်းပညာတက္ကသိုလ်(YTU)တို့ဟာ ပညာရေး၊ သုတေသန၊ လူ့စွမ်းအားအရင်း အမြစ်ဖွံ့ဖြိုးတိုးတက်ရေးနဲ့ လေ့ကျင့်ရေး ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွေအတွက် နားလည်မှုစာချုပ်ချုပ်ဆိုနိုင်ခဲ့ပြီး နှစ်နိုင်ငံ ခေါင်းဆောင်များအကြား ၂၀၂၅-၂၀၂၆ ငြိမ်းချမ်းရေးဆိုင်ရာ နျူကလီးယားပူးပေါင်း ဆောင်ရွက်မှု လမ်းညွှန်မြေပုံ (Roadmap) စာချုပ်ကိုလည်း ချုပ်ဆိုနိုင်ခဲ့ပါတယ်။
အဆိုပါဖိုရမ်ကို ရုရှားသမ္မတနဲ့ IAEA ဥက္ကဋ္ဌတို့လိုမျိုး ကမ္ဘာ့အထင်ကရခေါင်းဆောင်တွေ တက်ရောက်ခဲ့ကြပြီး မြန်မာနိုင်ငံမှာတည်ဆောက်မယ့် SMR နဲ့ပတ် သက်တဲ့ အပြုသဘောဆောင်တဲ့မှတ်ချက် တွေ ဆွေးနွေးခဲ့ကြပါတယ်။ ရုရှားသမ္မတနဲ့ IAEA ဥက္ကဋ္ဌတို့ တက်ရောက် ခဲ့ကြတဲ့ WAW-2025 ညီလာခံမှာ SMR တည်ဆောက်မယ့် အစီအစဉ်ကို တင်ပြနိုင်ခဲ့တဲ့ မြန်မာနိုင်ငံ အနေနဲ့ နျူကလီးယားစွမ်းအားကို ငြိမ်းချမ်း စွာအသုံးပြုနိုင်ရေးအတွက် နိုင်ငံတကာရဲ့ အဟန့်အတားတွေမရှိတော့သလောက် နည်းပါးသွားပြီလို့ မှတ်ယူနိုင်ပါတယ်။
မြန်မာနိုင်ငံတွင် တည်ဆောက်မည့် အငယ်စားအဏုမြူဓာတ်ပေါင်းဖို (Small Modular Reactor-SMR)
အငယ်စားအဏုမြူဓာတ်ပေါင်းဖို(SMR)တစ်ခုတည်ဆောက်ဖို့ဆိုတာက အနည်းဆုံး ၃ နှစ်မှ ၅ နှစ်အထိ အချိန်ယူရပါတယ်။ ဒီလိုအချိန်ယူဆောက်လုပ်ထားတဲ့ SMR တစ်ခုဟာ လျှပ်စစ်ဓာတ်အား ၃၀၀ မဂ္ဂါဝပ်အထိ ထုတ်ပေးနိုင်ပါတယ်။ ထို့ပြင် အခြားဓာတ်အားပေးလုပ်ငန်း (ရေအား၊ လေအား)တို့ထက် ကန့်သတ်ချက်နှင့် အန္တရာယ်နည်းပါးကြောင်း တွေ့ရှိရပါတယ်။ လက်ရှိအချိန်မှာ လုပ်ငန်းလည်ပတ်နေတဲ့ အသေးစားအဏုမြူ ဓာတ်ပေါင်းဖို(SMR) ၃ ခုရှိပြီး အဲဒီနိုင်ငံတွေကတော့ ၂၀၂၀ ပြည့်နှစ်မှာ စတင်လည်ပတ်နေတဲ့ ရုရှားနိုင်ငံ၊ ၂၀၂၁ ခုနှစ်မှာ စတင်လည်ပတ်နေတဲ့ တရုတ်နိုင်ငံ၊ ၂၀၂၄ ခုနှစ်မှာစတင်လည်ပတ်နေတဲ့ ဂျပန်နိုင်ငံတို့ဖြစ်ပါတယ်။ အခြားဖွံ့ဖြိုး တိုးတက်တဲ့နိုင်ငံတွေမှာ လုပ်ငန်းလည်ပတ် နေတဲ့ SMR တွေ မရှိသေးပေမယ့် ပုံစံအမျိုးမျိုးဖြင့် အသုံးပြုတည်ဆောက်နိုင်ဖို့ စီစဉ်လျက်ရှိပါတယ်။
အငယ်စားအဏုမြူဓာတ်ပေါင်းဖို(SMR)ရဲ့ အားသာချက်တွေကတော့ သမားရိုးကျ နျူကလီးယားဓာတ်ပေါင်းဖိုတွေမှာလို အအေးခံဖို့ ရေများများစားစား မလိုတဲ့ အတွက် မြစ်တွေရဲ့အနီးမှာတည်ဆောက်ဖို့ မလိုပါဘူး။ ဒါကြောင့် မြစ်ရေညစ်ညမ်းမှုကို လည်း အထိုက်အလျောက် ကာကွယ်ပေးနိုင် ပါတယ်။ တည်ဆောက်မှုကာလတိုတောင်း ခြင်း၊ ကုန်ကျစရိတ်သက်သာခြင်း၊ မြေနေရာ လိုအပ်ချက်နည်းပါးခြင်း စတဲ့အားသာချက် တွေ တွေ့ရှိရပါတယ်။ အငယ်စားအဏုမြူ ဓာတ်ပေါင်းဖို (SMR) တွေကတစ်ဆင့် လျှပ်စစ်ဓာတ်အားထုတ်လွှတ်ပေးနိုင်တဲ့ အတွက် လျှပ်စစ်ဓာတ်အားရရှိရန် လေအား၊ ရေအားနဲ့ နေရောင်ခြည်စွမ်းအင်တို့လိုအပ် မည်မဟုတ်ပေ။ သို့သော်လည်း အရွယ် အစားသေးငယ်တာကြောင့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု အကန့်အသတ် ရှိနိုင်ပါတယ်။
မြန်မာနိုင်ငံရရှိနိုင်မည့် အကျိုးကျေးဇူး များနှင့် အခွင့်အလမ်းများ
ယနေ့ကမ္ဘာ့နိုင်ငံတွေမှာ တိုးတက်လာတဲ့ နျူကလီးယားနည်းပညာကိုအသုံးပြုပြီး အရပ်ဘက်ဆိုင်ရာလုပ်ငန်းများ လျှပ်စစ် ဓာတ်အားထုတ်လုပ်နိုင်ခြင်း၊ စိုက်ပျိုးရေး နှင့် ဆေးဘက်ဆိုင်ရာနည်းပညာ စသည့် သိပ္ပံသုတေသနလုပ်ငန်းများကို အထောက် အပံ့ပြုနိုင်ခြင်း၊ လေယာဉ်တင်သင်္ဘောများ၊ ရေငုပ်သင်္ဘောများနှင့် ရေခဲခွဲသင်္ဘောတို့မှာ စွမ်းအားမြင့်အင်ဂျင်တွေအဖြစ် အသုံးပြု နိုင်ခြင်းတို့အပြင် စစ်ဘက်ဆိုင်ရာလုပ်ငန်း နယ်ပယ်များ၊ လူသားအကျိုးပြုသော နယ်ပယ်များစွာမှာပါ အသုံးပြုလျက်ရှိပါတယ်။ ဒါ့အပြင် တိုးတက်လာတဲ့ နျူကလီးယား နည်းပညာထဲက တစ်ခုဖြစ်တဲ့ နျူကလီးယားစွမ်းအင်ကို အသုံးပြုပြီး လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်းဟာ ကနဦးကုန်ကျစရိတ် ကြီးမားသော်လည်း နည်းပညာလွန်စွာမြင့်မားပြီး အခြားအားသာချက် အများအပြားရှိတာကြောင့် မြန်မာနိုင်ငံနဲ့ နယ်နိမိတ်ထိစပ်နေတဲ့ အိမ်နီးချင်းနိုင်ငံအချို့၊ ဒေသတွင်းနိုင်ငံအချို့တို့မှာ နျူကလီးယားဓာတ်အားပေး စက်ရုံများ တည်ဆောက် လည်ပတ်နေပြီဖြစ်ပါတယ်။
မြန်မာနိုင်ငံအနေဖြင့် လျှပ်စစ်စွမ်းအား လိုအပ်ချက်မြင့်မားလျက်ရှိပြီး အသေး စားစက်မှုလုပ်ငန်းများနှင့် ကျေးလက်နေပြည်သူများအတွက် လျှပ်စစ်ဓာတ်အား ဖြည့်ဆည်းပေးနိုင်မည့် နည်းလမ်းများကို ရှာဖွေကြံဆနေခြင်းဖြစ်ပါတယ်။ နျူကလီး ယားစွမ်းအင်ဟာ ကမ္ဘာက ငြိမ်းချမ်းစွာ အသုံးပြုခွင့်ပြုထားတဲ့ ကာဗွန်ဒိုင်အောက်ဆိုက်ထုတ်လွှတ်မှု နည်းပါးတဲ့ စိမ်းလန်းစွမ်းအင် (Green Energy)တစ်ခုအဖြစ် သတ်မှတ်ခံရတဲ့အပြင် တည်ငြိမ်သော လျှပ်စစ်ဓာတ်အားရရှိတဲ့ အရင်းအမြစ်တစ်ခုအဖြစ် မှတ်ယူကြပါတယ်။
မြန်မာနိုင်ငံအနေဖြင့် နိုင်ငံရေးတည်ငြိမ် မှုများစတင်ပြီး လက်ရှိစီမံကိန်းများ အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ပါက နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် များစွာအကျိုးပြုနိုင်မည် ဖြစ်ပါတယ်။ မြန်မာနိုင်ငံအတွက် ယုံကြည်စိတ်ချရတဲ့ မိတ်ဖက်နိုင်ငံဖြစ်တဲ့ ရုရှားနိုင်ငံနဲ့ အခုလို ပူးပေါင်းဆောင်ရွက်နိုင်ခြင်းဟာ မြန်မာ နိုင်ငံဖွံ့ဖြိုးတိုးတက်မှုအတွက် တစ်ထောင့် တစ်နေရာမှ အထောက်အပံ့ဖြစ်စေမှာဖြစ်ပါတယ်။ လက်ရှိသဘောတူညီချက် တွေဟာ နိုင်ငံအတွက် အကျိုးကျေးဇူး များစွာရရှိစေမည့်အပြင် နောင်လာမယ့် မြန်မာ့လူ့စွမ်းအား အရင်းအမြစ်ဖွံ့ဖြိုး တိုးတက်ရေးအတွက်ပါ ကောင်းမွန်သော အခွင့်အလမ်းများ ရရှိလာစေမှာဖြစ်ပါကြောင်း ရေးသားလိုက်ရပါတယ်။ ။