By admin_webportal
Copyright myawady
Skip to main content
တိုးချဲ့စိုက်ပျိုးသင့်သော ဈေးကွက်ဝင်ဒန့်သလွန်ပင် အပိုင်း(၃)
တိုးချဲ့စိုက်ပျိုးသင့်သော ဈေးကွက်ဝင်ဒန့်သလွန်ပင် အပိုင်း(၃)
ဒန့်သလွန်သီးနှံ စူးစမ်းလေ့လာမှုများ
ဒန့်သလွန်ပင်အများဆုံးစိုက်ပျိုးသည့် ဒေသများမှာ မွန်ပြည်နယ်၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် အညာဒေသများတွင် အများဆုံးစိုက်ပျိုးပြီး တစ်နိုင်ငံလုံး အတိုင်းအတာအနေဖြင့် ဧက ၅၀ဝ မှ ၁၀ဝ၀ ခန့်ရှိကြောင်းသိရသည်။ ယခုအခါ ဒန့်သလွန်ဆီ၊ ဒန့်သလွန်ဆေးတောင့်၊ ဒန့်သလွန်ကြိတ်ဖတ်နှင့် အခြားသော အဆင့်မြင့်ထုတ်ကုန်များကိုလည်း တိုးချဲ့ထုတ်လုပ်လျက်ရှိပြီး ဈေးကွက်အနေအထားမှာလည်း ကောင်းမွန်ကြောင်းသိရသည်။ ဒန့်သလွန်ပင်ကို ကြားသီးနှံအဖြစ် ကြက်မောက်၊ ဒူးရင်း၊ ပိန္နဲပင်များနှင့်လည်း ရောနှောစိုက်ပျိုးမှုကို မွန်ပြည်နယ် သထုံမြို့ဘက်တွင် စိုက်ပျိုးလေ့ရှိသည်။
ညောင်ဦးမြို့နယ်သစ်ထောင့်ကျွန်း ကျေးရွာတောင်သူများ အိန္ဒိယဒန့်သလွန်မျိုး စီးပွားဖြစ် စိုက်ပျိုးမှုများလာကြောင်း သိရသည်။ အိန္ဒိယဒန့်သလွန်မျိုး MPK1 ကို ရန်ကုန်၊ မန္တလေးမြို့ကြီးတို့တွင် ဒန့်သလွန်ရောင်းချမှုဈေးကွက်ရှိနေပြီဖြစ်ကြောင်း သိရသည်။ အိန္ဒိယဒန့်သလွန်မျိုးကို ပျိုးထောင်ချိန် ၁၅ ရက်ရှိလျှင် စိုက်မည့်မြေနေရာသို့ ရွှေ့စိုက်၍ရပြီး ခြောက်လရှိလျှင် အပွင့်စတင်ပွင့်ကာ အသီးသီးကြောင်း၊ စိုက်ပျိုးရာတွင် ၉ ပေပတ်လည်စိုက်ပြီး ဖြစ်ထွန်းလာသည့် ဒန့်သလွန်ပင်မြင့်ပြီး ရှည်မျောမသွားစေရန် ခေါင်ကိုင်းဖြတ်ဖြတ်ပေးမှသာ အပင်မမြင့်တော့ဘဲ အခက်အလက်ဖြာထွက်ကာ ပင်စည်တုတ်လာကြောင်း သိရသည်။
ဒန့်သလွန်ရွက်ပင်မှထွက်ရှိသည့် အသီး၊ အရွက်ကုန်ကြမ်းများမှ အဆင့်မြင့်ကုန်ချောထုတ်လုပ်ကာပြည်ပနိုင်ငံများဖြစ်သည့်ဂျပန်၊ စင်ကာပူ၊ အိန္ဒိယနိုင်ငံတို့မှဝယ်လိုအားများလာကြောင်း သိရသည်။
ဒန့်သလွန်စိုက်ပျိုးရာတွင် ရေပေးရန်ရေမြောင်းလုပ်ထားရကြောင်း ရေကြိုက်သော်လည်း ရေဝပ်လျှင် အပင်မဖြစ်ထွန်းကြောင်း၊ ရေဝပ်တာမကြိုက်နှစ်သက်ကြောင်းနှင့် တစ်နှစ်လျှင် သုံးကြိမ်သီးပြီး အပင်ကိုင်းများ ခုတ်ဖြတ်ပစ်ရကြောင်း၊ ဒေသမျိုးရင်း ဒန့်သလွန်ပင်များအား အိမ်ခြံစည်းရိုးနှင့် ယာခင်းစပ်များတွင် ဟင်းချက်စားသုံးရန်သာ စိုက်ပျိုးကြကာ ယခုအခါ အိန္ဒိယဒန့်သလွန်မျိုးများ စီးပွားဖြစ်စိုက်ပျိုးသူများလာနေပြီ ဖြစ်ကြောင်း ကျောက်ပန်းတောင်း၊ မြင်းခြံ၊ ပခုက္ကူမြို့(မြစ်ခြေ)၊ ရေစကြိုနှင့် ဝမ်းတွင်းမြို့နယ်တို့တွင် စီးပွားဖြစ် စိုက်ပျိုးမှုများနေပြီ ဖြစ်ကာ အိန္ဒိယဒန့်သလွန်မျိုး PMK 1 မျိုးသာ အများဆုံးစိုက်ပျိုးကြပြီး ဒေသမျိုးရင်း ဒန့်သလွန်လည်း စိုက်ပျိုးမှုများလာနေပြီဖြစ်ကာ ဒန့်သလွန် သက်တမ်းနှစ်နှစ်ဆယ်ထိရှည်ကြာကြောင်း သိရသည်။
မိတ္ထီလာခရိုင် ဝမ်းတွင်းမြို့နယ်ဘက်တွင်လည်း အိန္ဒိယ PMK 1 မျိုးကို တောင်သူတစ်ဦးလျှင် ၃ ဧကခန့်အထိ စိုက်ပျိုးကြောင်းသိရသည်။ ဒန့်သလွန်ပင်သည် တစ်နှစ်တွင် နှစ်ကြိမ်ခူးဆွတ်ရပြီး ဒန့်သလွန်တစ်ဧက ၄၃၅ ပင်အား တစ်နှစ်ခြံအပြတ်စနစ်ဖြင့် ရောင်းချကြောင်း သိရသည်။ ထွက်ရှိသော ဒန့်သလွန်သီးများကို မန္တလေး၊ တောင်ကြီး၊ နေပြည်တော်၊ ရန်ကုန်၊ မြဝတီဈေးကွက်တို့သို့ တင်ပို့ရောင်းချကြောင်း လေ့လာသိရှိရသည်။ ဒန့်သလွန်သီးပင်သည် ယခုအချိန်တွင် ဈေးကွက်ရောင်းဝယ်အားကောင်းပြီး စိုက်ပျိုးသူတောင်သူများအနေဖြင့် အကျိုးစီးပွားဖြစ်ထွန်းသော သီးနှံတစ်မျိုးဖြစ်၍ ပိုမိုစိုက်ပျိုးသင့်သောသီးနှံဖြစ်ကြောင်း တွေ့ရသည်။
“ဆေးလည်းအစာ၊ အစာလည်းဆေး” အဖြစ်အသုံးဝင်သော ဒန့်သလွန်ပင်ကို မိသားစုတိုင်း တစ်ပင်တော့ပိုင်ဆိုင် စိုက်ပျိုးထားသင့်သည်။ အာဖရိကတွင် “Tree of Life” ဟုခေါ်ဆိုကြပြီး အနောက်တိုင်းသားများက “Miracle Tree” ဟုခေါ်ဆိုကြောင်းသိရသည်။ အာဖရိကတောင်ပိုင်း၊ လင်ပိုပို(Limpopo)ပြည်နယ်ရှိ တူးဆန်(Tooseng) ရွာတွင် မိုးခေါင်ရေရှား စားစရာရှားပါး၍ အာဟာရချို့တဲ့ကြသည်။
ကလေးငယ်နှင့် သက်ကြီးရွယ်အိုများမှာ အာဟာရမပြည့်ဝမှုဒဏ်ပိုမိုခံစားရပြီး မိခင်များအတွက် အခက်အခဲ ကြုံတွေ့ခဲ့ကြရာမှ ၂၀၀၅ ခုနှစ်တွင်စတင်၍ မစ် မက်သဘတ်သာ(Miss Mathabatha) မှစည်းရုံးလှုံ့ဆော်ကာ အပင် ၁၅၀၀ ခန့် စတင်စိုက်ပျိုးခဲ့ကြောင်း၊ တစ်လခန့်အကြာတွင်အရွက် စတင်ဖွံ့ဖြိုးပြီး ခြောက်လအတွင်း ခူးယူစားသုံးနိုင်ခဲ့ကြကြောင်း သိရသည်။ အရွက်ခူးအခြောက်လှန်းအမှုန့်ကြိတ်ပြီး ကလေးများအတွက် အဓိကအစားအစာ အဖြစ်ထည့်၍ ကျွေးမွေးခဲ့ရာမှ အာဟာရချို့တဲ့ခြင်းကို ဖြေရှင်းပေးနိုင်ခဲ့ကြောင်း၊ အသားအရေစိုပြည်ကာ ကျန်းမာသန်စွမ်းစေကြောင်း သိရသည်။
ထိုအောင်မြင်မှုကြောင့် ၂၀၁၀ ပြည့်နှစ်တွင် မစ် မက်သဘတ်သာသည် တောင်အာဖရိကအစိုးရမှပေးအပ်သည့် ” Female Entre-preneur of the Year” ကိုရရှိခဲ့သည်။ ထိုသို့ ဒန့်သလွန်ပင်စိုက်ပျိုး၍ အာဖရိကမှကလေးများ၏ အာဟာရချို့တဲ့မှုကိုဖြေရှင်းပေးနိုင်ခဲ့သည့်နောက် All-women Organization အဖွဲ့တည်ထောင်ကာ ဒန့်သလွန်ပင် အများအပြားစိုက်ပျိုးပြီး အသားမစားနိုင်၊ ဟင်းသီးဟင်းရွက်မဝယ်နိုင်သူများကို ဒန့်သလွန်ရွက်နှင့် အသီးစားစေခဲ့သည်။ နောက်ပိုင်းတွင် ဒန့်သလွန်ရွက်အမှုန့်ကိုရောင်းစားခွင့်ပြုလုပ်ခဲ့ကြကြောင်းသိရသည်။ ယခင်က ဒန့်သလွန်ရွက်ခြောက်ကို ဆုံဖြင့်ထောင်းရာမှ ယခုဆို အမှုန့်ကြိတ်စက်ရုံပါ တည်ထောင်၍ လုပ်ငန်းချဲ့ထွင်လာကြောင်း၊ ၂၀၁၁ ခုနှစ်တွင် All-women Organization က ဒန့်သလွန်ရွက်ရောင်းချပြီး ဆင်းရဲသားမိသားစုပေါင်း ၃၀၀ ကျော်နှင့် မိဘမဲ့ကလေးပေါင်း ၃၅၀ ကျော်ကိုထောက်ပံ့ပေးနိုင်ခဲ့ကြောင်း၊ ဤအကြောင်းအရာကို အခြေခံ၍ University of Fort Hare မှပညာရှင်များက ဒန့်သလွန်ပင်သုတေသနများကို များစွာ စိတ်ဝင်စားလာခဲ့ကြောင်း မှတ်သားရသည်။ ထို့ပြင် ဒန့်သလွန်ပင်ကို “Superfood Tree” ဟု လည်းသတ်မှတ်ခဲ့ကြောင်း သိရသည်။
ကမ္ဘာကြီးပူနွေးလာမှု၊ အပူချိန်မြင့်တက်လာမှုများအကြား ရာသီဥတုနှင့်လိုက်လျောညီထွေ စိုက်ပျိုးရေး၊ စိုက်ပျိုးမှုသဟဇာတဖြစ်စေရေးနှင့် သီးနှံသစ်တောရောနှောစိုက်ခင်းများတွင် ဒန့်သလွန်ပင်သည်လည်း အရေးပါသော အပင်အမျိုးအစားဖြစ်သည်။ တချို့ပညာရှင်များက ဒန့်သလွန်ပင်ကို စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး ပန်းတိုင်ဝင် သီးနှံပင်အဖြစ်ပင် တင်စားသတ်မှတ်ထားကြသည်။ Zero hunger (SDG 2)၊ Good health and well-
being (SDG 3)၊ Clean water and sanitation (SDG 6)၊ Decent work and economic growth (SDG 8)၊ Sustainable cities and communities (SDG 11)၊ Responsible consumption and production (SDG 12)၊
Climate action (SDG 13)အစရှိသော ပန်းတိုင်များနှင့် ညီညွတ်မျှတနေသောအပင်အဖြစ် အာရုံစိုက်ကာ တွေ့မြင်လာကြသည်။ မြေဆီလွှာပြုပြင်ရေး၊ သီးနှံသစ်တောရောနှောစိုက်ခင်းများတွင် ထည့်သွင်းစိုက်ပျိုးနိုင်ပြီး အပူပြင်းဒေသ (ဥပမာ-အာဖရိကတိုက် စားနပ်ရိက္ခာချို့တဲ့ဒေသများ)တွင် အာဟာရချို့တဲ့မှုဖြည့်တင်းရေးအတွက် အဓိကသီးနှံအဖြစ်ပါဝင်နေခြင်း၊ ကူးစက်ရောဂါများကာကွယ်ရေးတွင် အထောက်အကူများစွာ ရသောသီးနှံပင်ဖြစ်ခြင်း၊ သောက်သုံးရေသန့်ရရှိရန် ခက်ခဲသောဒေသများတွင် ရေသန့်စင်ရေးအတွက် ဒန့်သလွန်စေ့ကို အသုံးပြုနိုင်ခြင်းအစရှိသော အကျိုးကျေးဇူးများစွာကို ရရှိစေသဖြင့်ကိုဗစ်-၁၉ ရောဂါပြန့်ပွားမှု ဖြစ်ပေါ်ခဲ့ပြီး နောက်ပိုင်းကာလများတွင် ဒန့်သလွန်ပင်သည် ကမ္ဘာအနှံ့အာရုံပြုစိတ်ဝင်စားလာသော သီးနှံပင်ဖြစ်သည်။ အသက်ရှူလမ်းကြောင်းဆိုင်ရာနှင့် အစာလမ်းကြောင်းပြဿနာများအတွက် ဆေးဝါးထုတ်လုပ်ရန် ဂရုပြုလေ့လာနေကြသည်ကိုလည်း စာစောင်များစွာတွင် ဖတ်ရှုမှတ်သားရသည်။
သုတေသန လေ့လာချက်များအရ ဒန့်သလွန်အစေ့အမှုန့်သည် ရေထဲမှ အနည်အမှုန်များနှင့် ဗက်တီးရီးယားပိုးတို့ကို လျော့ကျစေနိုင်ကြောင်း၊ ကျေးလက်ဒေသများတွင် ရေ၌အဆိပ်ရှိဓာတ်ကြွင်းဖြစ်ပေါ်မှုကို လျှော့ချရာတွင် အသုံးပြုကြောင်း၊ ဤသို့ရေသန့်စင်ပစ္စည်းအဖြစ် အသုံးပြုခြင်းမှ နှစ်ပေါင်းရာချီကြာမြင့်ခဲ့ပြီ ဖြစ်ကြောင်း၊ အဓိကအားဖြင့် ဆူဒန်နိုင်ငံ၌ နိုင်းမြစ်ရေကို အနည်အနှစ်သန့်စင်စေအောင် ပြုလုပ်ရာမှာ သုံးစွဲလေ့ရှိသော အိမ်တွင်းသုံးစွဲနေမြဲ ဓလေ့တစ်ခုဖြစ်ခဲ့ကြောင်း သိရှိရသည်။ ရေထဲမှ အနည်အမှုန်များကို ၉၇ ရာခိုင်နှုန်းမှ ၉၉ ရာခိုင်နှုန်းအထိ လျော့ကျအောင် စွမ်းဆောင်နိုင်သည်။
ဒန့်သလွန်အရွက်ကို အမှုန့်ပြုလုပ်ရာတွင် အာဟာရဓာတ်များနှင့် ဆေးဖက်ဝင်အာနိသင်များကို ထိခိုက်မှုမရှိအောင် ထိထိရောက်ရောက် ထုတ်လုပ်နိုင်ရန် သတိပြုရမည့်အချက်များ အတော်များသည်။
အရွက်ရွေးချယ်ခြင်း
အသစ်စက်စက် လတ်လတ်ဆတ်ဆတ် အစိမ်းရောင်ပြည့်သောအရွက်များကိုသာရွေးချယ်ပါ။ ပိုးမွှား၊ မှို၊ အညစ်အကြေးပါဝင်သောအရွက်များကို ရှောင်ကြဉ်ပါ။
သန့်ရှင်းရေးလုပ်ငန်းစဉ်
ရေဖြင့် သေချာစွာဆေးကြောပြီး မိနစ်အနည်းငယ် ဆားရည်ထဲစိမ်ထားခြင်းက ပိုးသတ်နိုင်သည်။ ဆေးကြောပြီးနောက် ရေစိုမှုမကျန်အောင်လေဖြင့်အခြောက်ခံပါ။
ခြောက်သွေ့စေခြင်း
အနိမ့်အပူချိန်ဖြင့် ခြောက်သွေ့စေခြင်း (ဥပမာ – ခပ်ထန့်ထန့်ခြောက်ခြင်း၊ လေခြောက်စက်) အပူအလွန်မမြင့်စေရ။
ဗီတာမင်များပျက်စီးနိုင်သည်။ နေဖြင့် ခြောက်ခြင်းကိုရှောင်ကြဉ်ပါ။ အာဟာရဓာတ်များပျက်စီးနိုင်ပြီး မှိုပိုးကူးစက်နိုင်သည်။
ကြိတ်မှုန့်လုပ်ခြင်း
သန့်ရှင်းသောကြိတ်စက်အသုံးပြုပါ။
အမှုန့်သည်သေးငယ်ညီညာဖြစ်အောင်ကြိတ်ပါ။ ကြိတ်ပြီးနောက် စစ်ထုတ်ခြင်းဖြင့် အမှုန့်အကြီးများကို ခွဲထုတ်နိုင်သည်။
ထုပ်ပိုးခြင်းနှင့်သိုလှောင်ခြင်း
အလင်းမဝင်သောပလတ်စတစ်ဘူး သို့မဟုတ် ဖန်ဘူးများတွင်ထုပ်ပိုးပါ။ စိုထိုင်းမှုနည်းသောနေရာတွင် သိုလှောင်ပါ။ အပူချိန်မပြောင်းလဲသော နေရာတွင်ထားခြင်းက သိုလှောင်ကာလတိုးစေနိုင်သည်။
အရည်အသွေးထိန်းသိမ်းမှု
အနံ့၊ အရသာ၊ အရောင်ပြောင်းလဲလာပါက အသုံးမပြုသင့်ပါ။ သက်တမ်း (shelf life) ကို မှတ်တမ်းတင်ထားပါ။ ခြောက်လမှ ၁ နှစ်အထိအသုံးပြုနိုင်သည်။
ဒန့်သလွန်အရွက်အမှုန့်သည် ဟင်းချက်၊ အဖျော်ယမကာ၊ ဆေးဖက်ဝင်အသုံးပြုမှုအတွက် အလွန်အသုံးဝင်သောထုတ်ကုန်ဖြစ်၍ စီးပွားရေးအနေနှင့် ထုတ်လုပ်မှုစနစ်ကို GMP (Good Manufacturing
Practice) စံနှုန်းနှင့့်ကိုက်ညီအောင် ပြင်ဆင်ရန်အရေးကြီးသည်။ စနစ်တကျ လုပ်ဆောင်နိုင်လျှင် ဒန့်သလွန်အမှုန့် အခြေခံထုတ်ကုန်များသည် ကျန်းမာရေးနှင့် အလှအပနှစ်မျိုးစလုံးအတွက် အထူးအသုံးဝင်သော စီးပွားရေး အခွင့်အလမ်းဖြစ်လာနိုင်သည်။ စိုက်ပျိုးမှုကနေစပြီး ဈေးကွက်ထိုးဖောက်မှုအထိ စနစ်တကျ လုပ်ဆောင်နိုင်လျှင် ဒန့်သလွန်အပင်ကနေ စီးပွားရေး အခွင့်အလမ်းတစ်ခုအဖြစ် ပြောင်းလဲနိုင်သည်။
အိန္ဒိယနိုင်ငံတွင် အရွက်အမှုန့်ကို အသုံးပြုကြသဖြင့် အခင်းလိုက်စိုက်ပျိုးပြီး ၃၅ ရက်ခြားတစ်ကြိမ် ရိတ်သိမ်း၍
တစ်နှစ် ၁၀ ကြိမ်ခန့်ရိတ်ယူကြသည်။ တစ်ဟက်တာလျှင် ခန့်မှန်းခြေ အခြောက်အလေးချိန်တန် ၁၂၀ အထိရရှိကြောင်း၊ အရွက်အစိုအနေနှင့်လည်း အသုံးပြုသကဲ့သို့ အခြောက်မှုန့်လည်း ပြုလုပ်ကြကြောင်း၊ ဤသို့စိုက်ပျိုးခြင်းမှာအစေ့ထုတ်ပြောင်း ၁၀ ကြိမ် စိုက်ပျိုးထုတ်လုပ်မှုနှင့်ညီမျှသော အကျိုးရလဒ်ရှိကြောင်း သို့ရာတွင် သိုလှောင်သိမ်းဆည်းရာတွင် အခက်အခဲရှိကြောင်း သိရသည်။ ။
မူမူ(မလှိုင်)